Payment Stop

ဖောက်သည်သည် မိမိထုတ်ထားသော ချက်လက်မှတ်အား ထုတ်ပေးရမည့် ဘဏ်သို့ ငွေထုတ်မပေးရန် တားမြစ်ပိုင်ခွင့်ရှိသည်။

ထိုသို့ အကြောင်းကြားမှုသည် စာဖြင့်ရေးသား၍ ပေးပို့မှသာ တရားဝင်သည်။ ထိုတားမြစ်ချက်ကို ပယ်ဖျက်လိုလျှင်လည်း စာဖြင့်ရေးရမည်။

တားမြစ်သည့်နောက်ပိုင်းမှ ဘဏ်ကငွေထုတ်ပေးလျှင် ဘဏ်သည် ထိုငွေကို ပေးလျှော်ရန်တာဝန်ရှိသည်။ ထိုငွေထုတ်မပေးရန် တားမြစ်ချက်သည် ငွေထုတ်ပေးရမည့် ဘဏ်သို့သာ ပေးပို့ရမည်။ တားမြစ်ချက်ရရှိသော ဘဏ်သည် ချက်ခြင်း ဖောက်သည်၏ လယ်ဂျာတွင် မင်နီဖြင့် မှတ်တမ်းတင်ရမည်။ (ယခုခေတ်တွင် ကွန်ပျူတာ၌ ငွေထုတ်မပေးရန် Bar ချထားရမည်။)

ငွေထုတ်သူ (Drawer) သည် တားမြစ်ချက်ကို ပြုလုပ်နိုင်သော တစ်ဦးတည်းသောသူသာ ဖြစ်သည်။

ချက်သည် ငွေလက်ခံရမည့်သူ (သို့) တရားဝင်ကိုင်ဆောင်သူ တစ်ဦးဦး၏လက်တွင် အခိုးခံရသော် ကိုင်ဆောင်သူသည် ချက်လက်မှတ်ထုတ်ပေးသူ (Drawer) သို့ အကြောင်းကြား၍ Drawer ကသာ တားမြစ် ရမည်။

အကယ်၍ ချက်လက်မှတ်တွင် လူများစွာထိုးထားသော်လည်း လက်မှတ်ထိုးသူ တစ်ဦးက တားမြစ်လျှင်လည်း ဘဏ်က ဆောင်ရွက်ပေးရမည်။